မြိုလူမျိုးတို့၏ရိုးရာဓလေ့နှင့်ဆိုင်ရာဖြတ်ထုံး
က။ သတိုးသမီးတောင်းရမ်းပုံ
ချင်းတိုင်းရင်းသားများဖြစ်သော မြို(ချင်း)လူမျိုးတို့သည် ရှေးဦးစွာအပျိုလူပျိုနှစ်ဦးသည် အချစ်ရေးဆိုဖူးစာကံစုံမိ ကြသည်။ အမျိုးသားလူပျိုများက ချစ်မိ၍ အိမ်ထောင်ဖက်အတွက် သဘောတူပါလျှင် မိမိ၏ မိဘနှစ်ပါးအားအသိပေး၍ တောင်းဆိုခိုင်းသည်။ သတိုးသမီးလောင်းဖက်မှ သဘောတူညီချက်ရခဲ့ပါလျှင် ငွေတစ်ကျပ်ကို အမျိုးသမီးအပျိုအားထားခဲ့ရ ပါသည်။
ဤနည်းသည် ရှေးထုံးစံဖြစ်၍ ယခုအခါ အမျိုးသားလူပျိုသည် မိမိယုံကြည်စိတ်ချရသော မိတ်ဆွေတစ်ယောက်နှင့်အကူ အမျိုးသမီး မိဘအိမ်သို့သွားရောက်တောင်းရမ်းရပါသည်။ သဘောတူပါက ငွေတစ်ကျပ်ထားခဲ့ကာ သတိုးသမီးကိုလည်း အိမ်သို့ ခေါ်သွားရပေသည်။
ခ။ ထိမ်းမြားမင်္ဂလာပွဲကျင်းပခြင်း
သတိုးသမီးကိုခေါ်ဆောင်၍ အမျိုးသားမိဘအိမ်တွင် အမျိုးသားဖက်မှ အောင်သွယ်ခေါ် အသိသက်သေဖြစ်သည့် အရံမစ်ဗါသတိုးသားတို့နှင့်အတူ မိမိအိမ်၌ ဝက်တကောင်သတ်စားရ၏။ ၎င်းစားသောက်ပွဲကို (Au Mahta Khawn di) ခေါ် ဝက်သွေးထိုးခြင်းဖြစ်လေသည်။ ဤနေ့တွင် မင်္ဂလာဆောင်မည့် နေ့ရက်ကိုသတ်မှတ်ရ၏။ ညအမှောင်မိုက်လာသောအါ သတိုးသမီးဖက်မှ မိဘတို့က မိမိတို့ သတိုးသမီးကို အိမ်သို့ပြန်လည်ခေါ်သွား၏။
ချိန်းဆိုသတ်မှတ်ထားသော မင်္ဂလာဆောင်မည့် နေ့ရက်စေ့သောအခါ အမျိုးသမီး မိဘအိမ်သို့ မင်္ဂလာကြေးအစုံနှင့် ကြက်ကောင်ရေများစွာကို ယူသွားကြ၏ ထိုနေ့ကို မင်္ဂလာဆောင်သော (Abon In Di) နေ့ဟုခေါ်သည်။
သတိုးသားဖက်မှပေးဆောင်ရသောပစ္စည်းများမှာ ရှေးအခါက
(၁) တမိုး (ဝါ) ဆုံတပ်ဟူသော အမည်ဖြင့်မောင်း (၇) ထွာနှစ်လုံး (သို့) ငွေသား ၆၀၀/-
(၂) လှံ (၃) ချောင်း
(၃) အဗိုက်ရာဒန်ဟုခေါ်သည့် ဟင်းရာတစုံ (ဝါ) ငွေသား ၅၀/-
(၄) (Kan Raung) ဟုခေါ်သည့် မောင်း (၇) ထွာနှစ်ခု (ဝါ) ငွေသား ၆၀၀/-
(၅) ကြက်ကောင်ရေ (၃၀)
ကာရောင် (Kaa Raung) = ယောက္ခမမျိုးထဲမှ မဟုတ်သော သတို့သမီးကို ယူရာ၌ ပေးရသည်။ အဓိပ္ပါယ်မှာအမျိုးပြတ် ဖြစ်၍ ယခုအခါ ယောက္ခမမျိုးထဲကယူသော်လည်း ကာရောင်ပေးရ၏။
ယခုအခါ အထက်ပါပစ္စည်းများကို မပေးရဘဲ၊ မင်္ဂလာကြေးဟူ၍ ငွေသား ၃၀၀၀/ - ၃၅၀၀/- ကို ပေးဆောင်ရသည်။ သို့ရာတွင် ဆင်းရဲခြင်း၊ ချမ်းသာခြင်းပေါ်တွင် မူတည်၏ ဆင်းရဲသူ ဖြစ်လျှင် ငွေသား ၂၀၀၀/- ပေးရ၍၊ ချမ်းသာသောအမျိုးထဲက ဖြစ်လျှင် အကန့်အသတ်မရှိပေးဆောင်ရသည်။ များစွာပေးဆောင်ရသဖြင့် အမျိုးသမီးဖက်မှလည်း ပစ္စည်းများစွာရရှိနိူင်သည်။ ဤငွေသားဖြင့်ပေးသွင်းရသောထုံးစံသည် အဝမြို(ချင်း) တို့၏ ဓလေ့ဖြစ်၍ တောင်မြို(ချင်း)တို့ကမူ ရှေးသုံးပစ္စည်းဖြင့်သာ မင်္ဂလာကြေးပေးဆောင်ရပါသည်။
သတိုးသားဖက်မှ ပြန်လည်ပေးဆောင်ရသော ပစ္စည်းများမှာ -
(၁) မောင်း ခုနှစ်ထွာ (ဝါ) ရှစ်ထွာတခု။
(၂) ဟင်းရာ အစုံနှစ်ခု
(၃) လင်ခွင်တစ်စုံနှစ်ခု
(၄) ခေါင်အထည် (ရှိလျှင် ၃-၄ ထည်)
(၅) မင်္ဂလာပွဲနေ့အတွက် ဝက်ကြီး (၃) ကောင်။
ထို့အပြင် ယောက္ခမက တောကြွက်၊ တောကြက်၊ ငှက်၊ ဖြူကောင် တို့၏ အသားကို အခြောက်လှန်းထားရာမှ ချက်ပေးရ၏။ ချင်းတိုင်းရင်းသား မြိုလူမျိုးတို့သည် မင်္ဂလာကြေးပေးနိူင်လျှင် အကန့်အသတ်မရှိ မိန်းမိယူနိူင်သည်။ ဘာသာရေးမတူညီခဲ့သော် သတိုးသမီးကိုးကွယ်သောဘာသာဖက်သို့ လိုက်၍ ထိမ်းးမြားလက်ထပ်ရသည်။ အကယ်၍ ထိမ်းမြားရန် ကတိကို ယောင်္ကျားက အလျှင် ဖျက်စီးသော် လှံတစ်ချောင်း နှင့် ကြက်တကောင်ပေးလျှော်ရသည်။ မိန်းမက ဖောက်ဖျက်သော်၊ တောင်မြို(ချင်း) တို့ဖြစ်ပါက ခေါင်းပေါင်း အထည်းပေးရ၍၊ အဝမြို(ချင်း) တို့ မူ ကျား၊မ မရွေး ငွေသား ၃၀၀/-ဖြင့် မျက်နှာပြေတောင်းပန်ရ၏။
ဂ။ လင်မယားကွာရှင်းနိူင်သောအချက်
ချင်းတိုင်းရင်းသား မြိုလူမျိုးများမှ အကြင်လင်နှင့် မယားသည် တဦးအပေါ်တစ်ဦး သဘောထားကွဲလွဲ ပြတ်စဲကြလျှင် ကွာရှင်းနိူင်သည်။ ယောင်္ကျားက အလျှင်ကွာရှင်းခဲ့သော် မိမိပေးခဲ့သော မင်္ဂလာကြေးနှင့် ပစ္စည်းများ အရှုံးခံရသည့် အပြင် လျှော်ကြေး ၆၀၀/- ပေးဆောင်ရလေသည်။ မိန်းမက အလျှင်ကွာရှင်းခဲ့သော် လင်ပေးသမျှပစ္စည်းအားလုံး ပြန်လည်ပေးဆောင် ရပြီး၊ မိမိဖက်မှ ပေးကမ်းသောပစ္စည်းအားလုံးကိုအရှုံးခံရသည့်အပြင် လျှော်ကြေး ၃၀၀/- ပေးဆောင်ရ၏။ ဤလျှော်ကြေးများမှာ ယောင်္ကျားမှာ အဝမြိုလူမျိုးတို့၏ ထုံးစံဖြစ်သည်။
တောင်မြိုလူမျိုးအနွယ်တို့မှာ ယောင်္ကျားက ကွာလျှင် အထက်ပါ အဝမြိုလူမျိုးတို့၏ ထုံးစံအတိုင်း ပေးဆောင်ရ၍ လျှော်ကြေးမှာ ၇၀၀/- ဖြစ်ပေသည်။ မိန်းမက အလျှင်ကွာလျှင်လည်း အထက်ပါ အဝမြိုတို့၏ ထုံးစံအတိုင်းဖြစ်ပြီး လျှော်ကြေးမှာ ၆၀၀/- ဖြစ်၏။ သို့သော် ယခုခေတ်တွင် ယောင်္ကျားနှင့် မိန်းမ မရွေးကွာရှင်းကြလျှင် လျော်ကြေး ငွေ ၁၀၀၀/- ပေးဆောင်ရသည့်အပြင် အထက်ပါ ပစ္စည်းအားလုံးကိုလည်း ပြန်ပေးရ၏။ ထို့နောက်တစ်ဖန် သမက်ဖြစ်သူ၏ အိမ်ထောင်ရေး ပြုမူပုံသည် လွန်စွာ နည်းလမ်းမကျ၍သော်လည်းကောင်း၊ မိမိတို့၏ သမီး၏ မင်္ဂလာကြေးကို အချိန်ကြာညောင်းစွာမပေးဘဲ နေလျှင်သောလည်းကောင်း သမီးရှင်မိဘက မိမိတို့ သမီးကို ပြန်လည်ခေါ်ဆောင်သွားနိူင်သည်။
သားရှင်မိဘကလည်း ခေါ်ယူသော အခြေအနေအပေါ်မူတည်၍ လျှော်ကြေးပေးကာ၊ အခြေအနေအရ မောင်းတစ်လုံး နှင့် ချွေးမကို ရွေးယူရသည်။ ကိုယ်ဝန်ဆောင် သို့မဟုတ် နို့စို့ ချိန်တွက် ကွာရှင်းခဲ့လျှင် ကလေးစရိတ်ပေးဆောင်ရ၏။ အဝမြိုတို့သည် မိန်းကလေးအတွက် ၆၀၀/- ယောင်္ကျားကလေးအတွက် ၁၀၀၀/- ပေးဆောင်၍၊ တောင်မြိုတို့ကမူ ကျား၊မ မရွေး ၁၀၀၀/- ပေးဆောင်ရပါသည်။
ဃ။ အမွေစားအမွေခံခြင်း
ချင်းအမျိုးသား မြိုလူမျိုးတို့၏ ထုံးစံအရ သားဦး နှင်း သားထွေး ကသာလျှင်အမွေဆက်ခံ ပိုင်ခွင့်ရှိ၏။ ဤအမွေခံမည့်သားတို့သည် မိဘကိုလုပ်ကျွေး၍၊ အမွေရှင်သူ၏ ဂုဏ်ပကာသနကို စောင့်ထိန်း၍ ကြွေးမြီ စသော ပြဿနာ အားလုံးကို တာဝန်ယူရသည်။ မယာဖြစ်သူက အမွေပိုင်ခွင့်မရှိ။
သားသမီး မရှိသော မရှိသော အမွေရှင်သည် မွေးစား သားသမီးထားရှိနိုင်သည်။ ဤတွင် အခိုင်တူ နီးစပ်ဆုံး ဆွေမျိုးတဦး ဦးက ပိုင်ဆိုင်ခွင့်ရှိသည်။ သို့သော် အဝမြိုလူမျိုးထဲကဖြစ်လျှင် မွေးစားသား၊ သမီး ကို အခိုင်တူအောင်သွင်းရ၍၊ ထိုအစိုင်းသွင်းပြီးသကာလမွေးစားသား၊ သမီး ကျား၊မ မရွေး အမွေပိုင်နိူင်သည်။ တောင်မြိုလူမျိုး ဖြစ်ကမူ မွေးစားသား၊သမီးကို အစိုင်းသွင်းပြီးသော်လည်း အစိုင်တူနီးစပ်ဆုံး ဆွေမျိုး၏ ခွင့်ပြုချက်ဖြင့် အချို့ထက်ဝက်မျှသာ ရနိူင်သည်။
ထို့ပြင် အမွေရှင်သေလွန်သောအခါ အလောင်းကို ပြုစု၍ အစိုင်တူနီးစပ်ဆုံး ဆွေမျိုးဖြစ်ကြောင်း အများသိရှိသူဖြစ်ပါ လျှင် အမွေတောင်းဆိုပိုင်ခွင့်ရှိသည်။ သင့်တော်သူကို သေတမ်းစာရေးပေးပါက အမွေရနိူင်သည်။ သို့သော် လုံးဝမသက်ဆိုင်သူကို သေတမ်းစာ ရေးသားပိုင်ခွင့်မရှိပါ။ သားသမီးမရှိသည့်အပြင် မွေးစားသား၊ သမီးလည်း မရှိပါက၊ အစိုင်တူနီးစပ်ဆုံး ဆွေမျိုးတဦးဦးကိုပင် ရွေးချယ်၍ အမွေပိုင်ဆိုင်စေနိူင်သည်။
င။ လူမှု့ရေးအပိုင်း
(၁) ပွဲများ
ချင်းတိုင်းရင်းသား မြိုလူမျိုးအနွယ်တို့သည် အလှူဒါနပြုပွဲဟူ၍ သီးသန့်မထားပါ။ ယခုအခါ အဝမြိုတို့သည် ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီ ဖြစ်သဖြင့် အလှူပေးခြင်း ကို ပြုလုပ်ကြလေသည်။ ဗုဒ္ဓဘာသာ မဟုတ်သော သူတို့သည် ကျွနွဲများစွာသတ်၍ သဌေးခံပွဲ လုပ်ကာ အရပ်လေးမျက်နှာမှ ရောက်လာကုန်သော သူတို့အား ကျွေးမွေးလှူဒါန်းကြသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ရတနာသုံးပါး ဂုဏ်ရှင်၍ငါးပါးတို့ကို ကန်တော့၍ ပွဲများ ကျင်းပကြ၏။ ဤတင်တဦးတည်း အကုန်ခံ၍ ပြုလုပ်ပါသည်။ မိမိ၏တိုးတက်ကြီးပွားခြင်းကို ပြလို၍ သော်လည်းကောင်း၊ ထင်ရှာလို၍ဖြစ်စေ ပြုလုပ်ခြင်းဖြစ်၏။ ဒုက္ခရောက်နေသောသူတပါးကို တတ်နိူင်သည့် စေတနာဖြင့် ပေးကမ်းလေ့ရှိသည်။ ဤသို့ပေးကမ်းကူညီးဖူးသော ကျေးဇူးကို မမေ့ဘဲ နောင်တွင် တုန့်ပြန်ပေးကမ်းကူညီရ၏။
(၂) လူမှုဆက်ဆံရေး
မြိုအမျိုးအနွယ်တို့သည် သက်ကြီး ရွယ်အိုတို့အား ဆက်ဆံသောအခါ စားဦးသောက်ဦး တို့ပေးရ၏၊ ကြက်၊ ဝက် တို့ကို သတ်စား ရာ၌ အသည်း အအူကို ပေးရသည့်အပြင်၊ သေရည်သေရက်သောက်ပွဲတွင် ဦးစွာစားသောက်စေရသည်။ ထိုသို့သောနေ့များတွင် ရှေးဟောင်းပုံပြင်နှင့် စကားပုံများ မေးမြန်းခြင်း ဖြင့် ဆက်ဆံရ၏။
အမျိုးသမီး အပျိုအိမ်လှည့် ညအလည်သွားရာ၌ ပါလာသောဆေးလိပ်ဆေးတံကို ထုတ်၍ မီးညှိကာ အပျိုအားပေးရသည်။ ထွေရာ လေးပါးပြောကြပြီး ညနက်လာသောအခါ လူပျိုမှာပြန်သွားရသည်။
(၃) အကူအညီပေးခြင်း
မြိုအမျိုးအနွယ်တို့သည် အောက်ပါအတိုင်း တဦးနှင့် တဦး အကူညီအညီပေးကြသည်။ အိမ်မီးလောင်ခဲ့သော် ဝိုင်းဝန်းငြိမ်းသက်ပေးရသည်။ လောင်ကျွမ်းသွားသော အိမ်သုံးပရိဘောဂနှင့် ကြက်၊ ဝက် အပြင် အစားအသောက်ပါ ဝိုင်းစုပေးကမ်းကြသည်။ အိမ်တက်ပွဲ ပြုလုပ်သောအခါ လိုအပ်သောအကူအညီဝိုင်းဝန်းကူညီကြသည်။
အသုဘမီးရှို့သောအခါ သုဿန်သို့ပို့သည်အထိဝိုင်းဝန်းကူညီကြသည်။ ဆန်ရေစပါး၊ ဆား၊ ငရုပ်၊ ငပိ၊ သေရည်သေရက်၊ ကြက်၊ ဝက်စသော အစားအသောက်များကို တဦးစီက နိူင်သရွေ့ယူဆောင်ခဲ့ရသည်။ လူနာ၊ လူမမာ ရှိသောအခါ ဆေးဝါးရှာပေးရသည့် အပြင် ကြက်၊ ဝက်ကို နတ်ပူဇော်ကုသရန်ပေးကမ်းရသည်။ တောင်ယာမနိုင်သောသူကို တရက်နှစ်ရက်လုပ်အားပေးရ၏။
အပိုင်း (၁)
စ။ ဆိုင်ရာဖြတ်ထုံးများ
စ - ၁။ လူအသက်ရန်မူ မှုဆိုင်ရာဖြတ်ထုံး
လူတယောက်သည် လူသတ်မှု ကျုးလွန်ကြောင်း ခိုင်လုံထင်ရှားခဲ့သော် ဒဏ်ငွေ ၁၀၀၀၀/- ပေးဆောင်ရသည်။ ရှေးအခါက သေသူသည် ယောင်္ကျားဖြစ်လျှင် ၇၀၀၀/- လျှော်ရ၍၊ မိန်းမ ဖြစ်ပါမူ ၆၀၀၀/- ပေးဆောင်ရ၏။ လူသေမှု မမြောက်သော်လည်း လူသေစေမှု ကျုးလွန်စေခဲ့လျှင်၊ ဒဏ်ငွေ ၆၀၀/- နှင့် ဝက်တကောင်ပေးလျှော်ရသည်။ အနာသွေးခံရာဟူ၍ ကြေးဖလားတစ်ခုလည်း ပေးရသေးသည်။ လျှော်ကြေးသည် အနာကြီးငယ်ပေါ်မှာ မူတည်သည်။
တဦးတစ်ယောက်အား သေစေရန်နည်းအမျိုးမျိုးကြံစည်ခဲ့လျှင် ဒဏ်ငွေ ၁၀၀၀/- ပေးဆောင်ရ၏။ တယောက်သောသူအား လူသတ်ရန်စေခိုင်းပါလျှင် လျှော်ကြေး ၃၀၀/ ပေးဆောင်ရ၍၊ သတ်သွားလျှင် စေခိုင်းသူသည် ဦးခေါင်းဖိုးလျှော်ရ၏။ တဦးတယောက်အား ခြောက်လှန်းခြင်းဖြင့် လူသေစေမှု ဖြစ်ပေါ်လျှင် ဦးခေါင်းဘိုး ဟူ၍ လျှော်ကြေးပေးဆောင်ရသည်။ လူကို သတ်မည်ဟု ခြိမ်းခြောက်ခဲ့ပါလျှင် လျှော်ကြေး ၁၅၀/- ပေးဆောင်ရ၏။
လူတစ်ယောက်၏ ကိုယ်အင်္ဂါချို့ယွင်းစေသော် လျော်ကြေး ၁၀၀၀/- ဖြစ်သည်။ ဝက်ကောင်သွေးထိုးပြီး နတ်တင်ရန်ဝက် တကောင်သတ်ပေးရ၏။ ဟင်းရှောင်ခယူ၍ ၃၀၀/- ပေးရသည့်အပြင် ကိုယ်အင်္ဂါချို့ယွင်းချက် အနည်းအများအလိုက်လျော်ကြေး ပေးရသည်။ လူတယောက်အား အနာတရဖြစ်စေခဲ့သော် လျော်ကြေး ၁၅၀/- ၆၀၀/- အထိ အနာအကြီးငယ်ပေါ်မူတည်၍ ပေးဆောင်ရသည့်အပြင် ဝက်တကောင် ဖြင့် သွေးထိုးရ၏။
စ - ၂။ ကာမဆိုင်ရာဖြတ်ထုံး
အရွယ်မရောက်သေးသော အမျိုးသမီး တစ်ယောက်အား မုဒိန်းမှုကျုးလွန်ခဲ့သော် လျှော်ကြေး ၆၀၀/- နှင့် ဝက်ကြီး တကောင် ပေးဆောင်ရသည်။ လင်ရှိမိန်းမတယောက် တစ်ယောက်အား ကာမ စပ်ယှက်ခဲ့သော် လျော်ကြေး ၂၀၀၀/- ဖြစ်၏။ ရှေးအခါက ၆၀၀/- သာပေးဆောင်ရသည်။
ယောင်္ကျားတစ်ယောက်သည် ကာမစပ်ယှက်ရန် ကြိုးစားမှုများ ပြုလုပ်ခဲ့သော် လျှော်ကြေး ၁၅၀/- ဖြစ်၍ ယခုအခါ လျှော်ကြေး ၃၀၀/- ပေးဆောင်ရသည်။ လင်ရှိတစ်ယောက်နှင့် မယားရှိလင်တို့သည် ကာမစပ်ကြမှု ပြုကြပါလျှင် လျှော်ကြေး ၂၀၀၀/- ပေးဆောင်ရသည်။ သူတပါးမယားခိုးယူ ပေါင်းသင်းခဲ့သော် ငွေ ၁၀၀၀/- လျှော်ကြေးပေးဆောင်ရသည့်အပြင် လင်ဟောင်း နှင့် မင်္ဂလာဆောင်ပွဲပြုလုပ်သောအခါ အကုန်ကျသော စရိတ်အားလုံးပြန်လျှော်ရ၏။
အရွယ်မရောက်သေးသော အမျိုးသမီးတယောက်အား ခိုးယူပေါင်းသင်းခဲ့သော် အပျိုခိုးခ (Akalau) သဘောဖြင့် မင်္ဂလာကြေးပေးဆောင်ရသည့် အပြင်၊ လျှော်ကြေး ၁၀၀၀/- ပေးလျှော်ရ၏။ အမျိုးသမီးတယောက်အား အိန္ဒြေပျက်စေလောက်အောင် ကျုးလွန်သော် ပြစ်ငွေ ၆၀၀/- လျှော်ဆောင်ရ၏။ ရူးသွပ်သော အမျိုးသမီးအား ကာမစပ်ယှက်ခဲ့သော် လျော်ကြေး ၃၀၀/- ပေးဆောင်ရသည်။
လူပျို နှင့် အပျိုတို့သည် ကာမစပ်ယှက်ရာမှ ပဋိသန္ဓေတည်လာကာ အိမ်ထောင်ဖက်အဖြစ် မရွေးပါက၊ ကလေး မွေးဖွားရန် အိမ်နှင့် လိုအပ်သော အသုံးအဆောင်များတာဝန်ယူရသည်။ ၎င်းအိမ်မှာပင် (၄) လ အတွက် စားနပ်ရိက္ခာ လုံလောက်စွာပေးသည့်အပြင်၊ ကလေးကို (၃) နှစ်စေ့မှ ရွေးယူရ၏။ ကြည့်ရှုရသော (၄) လအတွင်း ကလေးသေဆုံးသွားပါမူ ဦးခေါင်းဘိုး လျှော်ကြေးတောင်းရ၏။ ယောင်္ကျားဖြစ်က ၁၀၀/- မိန်းမဖြစ်ပါက ၆၀၀/- ဖြင့် ရွေးယူရသည်။
ကိုယ်ဝန်ဆောင်မိန်းမ တယောက်သည် မိမိ ကိုယ်ဝန်ပျက်အောင်ပြုလုပ်သော် ဦးခေါင်းဘိုး လျော်ကြေး တဝက်ပေးရလေသည်။ မထိမ်းမြားမှီကို ကိုယ်ဝန်ရလာ၍ သေးဆုံးသွားသော်လျော်ကြေး ၆၀၀၀/- ပေးဆောင်ရသည်။
စ - ၃။ ပိုင်ဆိုင်မှုဆိုင်ရာဖြတ်ထုံး
သူတပါးပစ္စည်း ခိုးယူလျှင် ပစ္စည်း မူရင်းတန်ဖိုးပေးလျှော်ရသည်။ သူတပါးအား သူခိုး ဟု စွပ်စွဲ၍ မမှန်ကန်သော စွပ်စွဲမှုဖြစ်ခဲ့လျှင် ဒဏ်ငွေ ၃၀၀/- ပေးဆောင်ရ၏။ သူတပါးအိမ်ဖောက်ထွင်း၍ ပစ္စည်း ခိုးယူပါလျှင် ပစ္စည်း မူလတန်ဘိုး အပြင် ဒဏ်ငွေ ၆၀၀/- ပေးဆောင်ရ၏။ ခိုးရာပါ ပစ္စည်း လက်ခံထားပါက လက်ခံသူက ခိုးသူကို တဆ လျှော်ပေးရမည်။ လူတဦးတစ်ယောက်နေအိမ်ကို မီးရှို့ပါက ဝက်တကောင်ဖြင့် မီးလောင်မှုကို တောင်းပန်ရသည့် အပြင်၊ လောင်ကျွမ်းသော ပစ္စည်း တန်ဖိုး၊ အိမ်ဖိုး ကို လျှော်ရ၏။
သူတပါးအိမ်ကို မီးရှို့ရန်အားပေးပါက မီးရှို့သူနှင့် ထက်ဝက်ခွဲလျှော်ရ၏။ သူတပါး တောင်ယာကို မီးရှို့ပါက ဝက်တကောင်လျှော်ရ၍၊ ဆက်လက် လုပ်ကိုင်ခြင်းမရပါလျှင် ကုန်ကျသော တောင်ယာစရိတ်အား ပေးဆောင်ရသည်။ သူတပါးပိုင်ဆိုင်သော တိရိစ္ဆာန်ကို သတ်ပေးလျှင် မူရင်းတန်ဖိုး ပေးဆောင်ရသည်။ သူတပါး၏ အိမ်မွေး တိရစ္ဆာန်ကို အနာတရဖြစ်စေခဲ့လျှင် အနာကို ကုသပေးပြီး၊ အနာရရာမှ သေသွားပါလျှင် တိရစ္ဆာန်မူရင်း လျော်ကြေးပေးရပါသည်။
လူတယောက်၏သီးနှံကို ဖျက်ဆီးခဲ့သော်ခန့်မှန်းရရှိမည့် သီးနှံတန်ဘိုးလျှော်ပေးရသည်။ သူတပါး ပိုင်ဆိုင်သော ပျားအုံကို ခိုးယူသော် ငွေ ၅၀/- နှင့်မျက်နှာပြေလုပ်ရသည်။ လူအများသွားလာသော ကျေးရွာလမ်းကို ဖျက်ဆီးပါလျှင် ပြန်လည်လုပ်ခိုင်းရသည်။ တဦးတယောက် မွေးမြုထားသော အိမ်မွေးတိရစ္ဆာန်ကို အဆိပ်ခတ် သေစေခဲ့လျှင် မူရင်းတန်ဖိုး ပေးရသည်။ မသေခဲ့ပါလျှင် ကုသပေးရ၏။ တောတိရစ္ဆာန်များ ဖမ်းဆီးရန် ထောင်ထားသော ထောင်ချောက်ကို ဖျက်ဆီးလျှင် နောင်မပြုလုပ်ရန် ဆုံးမပေးရသည်။ အမှားဝန်ခံစေရသည်။ ပြည်သူပိုင် တောကို မီးရှို့၍ အဖိုးတန်သစ်များဖြစ်စေ၊ စီးပွားရေး၊ လုပ်ငန်းအဖြစ် ပါဝင်လောင်ကျွမ်းသွားပါကမူ ၎င်းစီးပွားရေးလုပ်ငန်း အကုန်အကျ စရိတ် ကျခံပေးရသည်။
စ - ၄။ နှုတ်အားဖြင့် ပြစ်မှားမှုဆိုင်ဖြတ်ထုံး
လူတဦးတယောက်အား စုန်းမျိုးဟု ပြောဆိုမိပါလျှင် ငွေ ၃၀၀/- လျှော်တောင်ရ၏။ လူတယောက်အား မိမိ ဂုဏ်ကို ထိခိုက်လောက်အောင် ညစ်ညမ်းစွာ ပြောဆိုမိလျှင် ဒဏ်ငွေ ၁၅၀/- မှ ၃၀၀/- ပေးရသည့် အပြင် ကြမ်းတမ်းစွာဆုံးမခြင်းခံရသည်။ သူတပါးအား ဆဲဆိုခြင်းကြိမ်းမောင်းမိလျှင် ဒါဏ်ငွေ ၆၀၀/- အထိပေးဆောင်ရသည်။ သူတပါးအား လိမ်လည်လှည့်ဖြားခဲ့လျှင် ဒဏ်ငွေ ဒါဏ်ငွေ ၃၀၀/- ပေးဆောင်ရသည်။
သူတပါးအား ကတိသစ္စာ ဖောက်ဖျက်မိ၍ ထိုကတိပျက်ကွက်သည့်အတွက် ဆုံးရှုံးမှုရရှိလျှင် ၎င်းစရိတ်ကို အကုန်ခံရသည်။ တဦးနှင့်တဦး မတင့်သင့် အောင်ဂုံးချော၍ ခိုက်ရန်ဖြစ်ပွားလျှင် ခိုက်ရန်ဖြစ်ပွားရာ၌ ပျက်စီးသမျှကို လျှော်ဆောင်စေပြီး မျက်နှာပေလုပ်ရန် ငွေ ၅၀/- ပေးဆောင်ရသည်။ တဦးနှင့် တဦး မဟုတ်မမှန်အတင်းပြောဆိုကြပါလျှင် ကြမ်းတမ်းစွာ ဆုံးမမှုခံရသည်။
စ - ၅။ မတရား စော်ကားမှုဆိုင်ရာဖြတ်ထုံး
တဦးတယောက်သွားလာရာလမ်း (ကျေးရွာလမ်း မဟုတ်) ကို မတရားပိတ်ပင်တားဆီး ဖျက်ဆီးခဲ့လျှင် ဒဏ်ငွေ - ၁၅၀/- ပေးဆောင်ရပြီး လမ်းကို ပြန်လည်ဖွင့်လှစ်ရှင်းလင်းပေးရသည်။ တယောက်သောသူအားမတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်ထား လျှင် ဒဏ်ငွေ ၃၀၀/- ပေးဆောင်ရသည်။ တဦး၏ဂုဏ်သိက္ခာကို ထိခိုက်ပြောဆိုမိလျှင် ဒဏ်ငွေ ၁၅၀/- မှ ၃၀၀/- ပေးဆောင်ရသည်။
အများ၏ဂုဏ်သိက္ခာကို ထိခိုက်ပြောဆိုမိလျှင် အများ၏ပြောဆိုဆုံးမခြင်းကိုခံရသည့် အပြင် ဝက်ကြီးတကောင်ဖြင့် ဝက်သွေးထိုးရသည်။ တိရိစ္ဆာန်များအား ညင်းပန်းနှိပ်စက်ရာမှ သေသွားလျှင် မူလတန်ဖိုးကို လျှော်ဆောင်ရသည့် အပြင် မသေပါလျှင် ဆုံးမ မှုကိုခံရ၏။ ယောင်္ကျားက ဖြစ်စေ၊ မိန်းမကသော်လည်းကောင်း၊ တဦးကိုတဦး သွေးဆောင်ဖျားယောင်ကြ လျှင် လျော်ကြေး ၁၅၀/- မှ ၃၀၀/- ပေးဆောင်ရသည့်အပြင် နောင်တွင် မပြုလုပ်ပါမည့် အကြောင်းဝန်ခံရသည်။
စ - ၆။ အလွဲသုံးစားမှု
မိမိအားအပ်ထားသော ပစ္စည်းသော်လည်းကောင်း၊ ခေတ္တငှားရမ်းထားသော ပစ္စည်းသော် လည်းကောင်း အလွဲသုံးစား ခဲ့ပါက ပစ္စည်း၏ မူလတန်ဖိုး (ဝါ) ၎င်းတန်ဖိုးနှင့် ကူညီသော ပစ္စည်းကို ပေးဆောင်ရ၏။
စ - ၇။ အထွေထွေဖြတ်ထုံး
အစိုးရအာဏာကို ဖီဆန်ပါက ဒါဏ်ငွေ ၅၀/- မှ ၁၀၀/- ပေးရ၍ ရွာတို့၏ သဘောအရလည်း လျှော်ရပေသည်။ ကျေးရွာသူကြီး၏ အာဏာကိုဖီဆန်ခဲ့ပါလျှင် ဒါဏ်ငွေ ၁၀၀/- မှ ၃၀၀/- ကို ပေးဆောင်ရသည်။ တဦးတယောက်၏အစားအစာတွင် အရာတခုခု ရောနှောဖျက်ဆီးခဲ့သည်။ ၎င်းအစားအစာတန်ဖိုး ကိုပေးရသည်။ အစာ အနည်းအများ ပေါ်တွင် မူတည်သည်။ ဒဏ်ငွေ ၅၀/- မှ ၆၀၀/- အထိပေးလျှော်နိုင်သည်။
ဘာသာရေးနှင့် ပတ်သက်၍ဖြစ်စေ၊ ဘာသာတရားကိုဖြစ်စေ နှုတ်အားဖြင့် ဆဲဆိုပြောင်လှောင်ပုတ်ခတ်လျှင် လျှော်ကြေး ၁၅၀/- မှ ၆၀၀/- အထိပေးဆောင်ရသည်။ မြေယာစနစ်နှင့်ပတ်သက်၍ ရှေးအခါအထောင်အမျိုးအနွယ်တို့သည် အိုးအိမ်တည်ထောင်လာရာမှ ပုဂ္ဂလိက အပိုင်ဖြစ်လာကာ ၎င်း နယ်မြေတဝိုက်ကို ပိုင်ဆိုင်လာသည်။ ထိုနယ်မြေအတွင်း နေထိုင်သူတို့ကို အခွန်ကောက်သည်။ လယ်ယာက မြေမှ တနှစ်တွင် စပါး (၄) တောင်း စီကောက်ခံသည်။ ၎င်းကို (Iau Kha) ဟုခေါ်သည်။ ယခုအခါထိုစံနစ်မရှိတော့ပေ။ ပလက်ဝမြို့နယ်ရှိ မြိုအမျိုးအနွယ်တို့တွင် သီးနှံစားချထားရေး စံနစ်မရှိပေ။
စ - ၈။ အမှုတိုင်ကြားပုံ
မြိုအမျိုးအနွယ်ထဲရှိ အထောင်ဟုခေါ်သော သူတို့သည် ဆိုင်ရာဖြတ်ထုံးများနှင့် အကြုံးဝင်သော ပြစ်မှုတစ်ခုကို မိမိအားအခြားသူက ကျူးလွန်၍ မကျေနပ်ဖြစ်လျှင်၊ အမှုတိုင်ကြားစစ်ဆေးခံရပါသည်။ ဤအနွယ်မျိုးမှ အကြီးအကဲဖြစ်သူ တောင်မင်းသည် အမှုစစ်ဆေးရ၏။
အမှုစီရင်ရာ၌ အစိုင်တစ်ခုစီတွင် အစိုင်ခေါင်းတဦးစီခန့်ထားရာ ထိုအစိုင်းခေါင်း ငါးဦး နှင့် တိုင်ပင်ကာ တရားခံကိုစစ်ဆေးရ၏ တရားရှုံးနိမ့်သူကို အပြစ်အလျှောက်စီရင်ရသည်။ ဆိုင်ရာဖြတ်ထုံးအရ မလိုက်နာသူကိုဖမ်းဆီးချုပ်နှောင် ၍ တရားနိုင်၏။ အိမ်သို့ ကျွန်အဖြစ်ပါသွားရ၏ အာမခံရှိမှသာလျှင် ထွက်မြောက်နိူင်သည်။ ယခုအခါ ကျေးရွာအက်ဥပဒေဖြင့် တိုင်ချက် ၃၀/- ဖြင့် ရွာသူကြီးထံအယူခံကာ မှန်ကန်စွာ ဆုံးဖြတ်ဖြေရှင်းလျက်ရှိသည်။
ရှေးကလျော်ကြေးနှင့် ပစ္စည်းများ၏တန်ဖိုး
ရှေးလျော်ကြေးပစ္စည်း ရွေးတန်ဖိုး ကာလတန်ဖိုးငွေ
နွားနောက်ထီးတကောင် ၁၀၀၀/- ၃၀၀၀/-
နွားနောက်မတကောင် ၉၀၀/- ၁၈၀၀/-
နွားနောက်သားအမိအတွဲ ၂ ကောင် ၁၃၀၀/- ၃၅၀၀/-
ကျွဲ ၁ ကောင် ၃၀၀/- ၁၇၀၀/-
နွားထီး ၁ ကောင် ၂၀၀/- ၁၀၀၀/-
နွားမ ၁ ကောင် ၁၅၀/- ၈၀၀/-
နွားသား အမိတတွဲ - ၂ ကောင် ၃၀၀/- ၁၂၀၀/-
မောင်း ရှစ်ထွာ ၁ ခု ၄၀၀/- ၁၀၀၀/-
မောင်း ၇ ထွာ - ၁ ခု ၃၀၀/- ၈၀၀/-
မောင်း ၃ ထွာ - ၁ ခု ၆၀၀/- ၁၆၀၀/-
ဖလား ၈ ထွာ - ၁ ခု ၄၀၀/- ၃၀၀၀/-
ဖလား ၇ ထွာ - ၁ ခု ၃၀၀/- ၁၅၀၀/-
အထက်ပါပစ္စည်းတန်ဖိုးများကို ရောင်းစျေးအဖြစ်သတ်မှတ်နိူင်သည်။ ဤပစ္စည်းလျော်ကြေးမျာသည် ထုံးတမ်းစဥ်လာ အခြေခံဖြစ်သော်လည်း ခေတ်နှင့် လျော်စွာပြောင်းလဲနိူင်သည်။
မှတ်ချက်
---------
အ၀မြို ဆိုသည်မှာ မြို(ခမိ) များကို ဆိုလိုခြင်းဖြစ်ပြီး
တောင်မြို ဆိုသည်မှာ မြို(မရူစာ) များကို ဆိုလိုခြင်းဖြစ်ပါသည်။
Ref:
ချင်းဓလေ့ထုံးစံ ယဉ်ကျေးမှုများ - ၁၉၆၀ ခုနှစ် စာအုပ်မှ ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည်။
သိန်းအောင် ရေးသည်။
Comments